Jornal Title

ရိုဆမ္မတီး     - 5/8/2010 12:00:00 AM

Jornam Image

ဒကာကြီး ဦးခင်စန် ဖန်ဆင်းတဲ့ ရိုးဆမ္မတီး မှတ်တမ်းဓာတ်ပုံ အလ်ဘမ်ကို ကြည့်ဖြစ်တယ်။ ပြန်လည် မြင် ရတဲ့ မြင်ကွင်းက ရိုးဆမ္မတီရဲ့ စွဲမက်ဖွယ်ကောင်းတဲ့ ဝိဉာဉ်ခတ်သံနဲ့အတူ နှလုံးသားကို လာရောက် ထိခတ်မိ တယ်လို့ခံစားမိတယ်။ ဒီလိုဆိုလို့် ပိုရန်ကောလို့ ပြောကောင်းပြောလေမလားပါ။ တကယ်တော့ အကြိမ်ကြိမ် ရောက်ခဲ့တဲ့ ရိုဆမ္မတီးက ဒီတခါမှာ ပိုပြီးလှနိုင်လွန်းတာကို အမှတ်မပြုပဲ မနေနိုင် အောင် ဖြစ်မိပါတယ်။

တောင်တန်းပြာပြာ၊ သစ်ပင်စိမ်းစိမ်း၊ ကြည်လဲ့လဲ့ စမ်းချောင်းတို့ရဲ့ အလှက ရင်ဝကို ထိထိရှရှ ထိနိုင်ခဲ့ တဲ့ အလှတွေပါပဲ။ အထူးသဖြင့် ဖြူဖြူလွလွနဲ့ မွမွလေးလှနိုင်လွန်းတဲ့ စနိုးပန်းပွင့်လေးတို့ရဲ့ အလှကို တော့ဖြင့် မေ့ပျောက်လို့ ရနိုင်တော့မယ် မထင်ပါဘူး။ တညတာ နားခိုခဲ့တဲ့ တန်နယာ တည်းခိုဆောင် လေးကလည်း အမှတ်ရဖွယ်ပါပဲ။ အိပ်မက်ညတညကို လှလှပပ မက်ခွင့်ရစေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အနှစ်နှစ်အလလက တမ်းတခဲ့တဲ့ စနိုးညတစ်ညကို မထင်မှတ်ပဲ ဖြတ်သန်းခဲ့ရခြင်းပါ့။

သစ်ပင်ကိုင်းစတွေမှာ တွဲလဲခိုနေတဲ့ စနိုးဆိုင်တွေ ဖွာကနဲ ဖွာကနဲ ပြုတ်ကြပုံက မမြင်နိုင်တဲ့ တစ္ဆေတစ် ကောင်က စနောက်ကြည်စယ်လိုက်ဟန်ပန်မျိုးကိုလည်း ညသန်းခေါင်ယံမှာ ဟိုတယ်ရှေ့ကို လမ်းထလျောက် တော့ တွေ့မိခဲ့တယ်။ မီးရောင်လဲ့လဲ့တွေ အဆောက်အဦးတစ်ခုရဲ့ ခေါင်မိုးပေါ် ကျရောက်နေတော့ စနိုးပြင် ကနေ ပြန်လာတဲ့ ရောင်ပြန်အလင်းကလင်း တကယ့်ကိုမှ ရောင်စုံခြင်းလို့။ အမှောင်ကင်းတဲ့ ညတစ်ညပဲပေါ့။

မနက်မိုးလင်းလို့ အာရုံကျင်းပြန်တော့ ဆွမ်းပူပူ ချဉ်ပေါင်ကြော်နဲ့ ပဲပြုတ်ဟင်းကလည်း အညာမှာကြီးပြင်း ခဲ့တဲ့ ကိုယ့်အဖို့ ငယ်ဘ၀ပြန်လည်တမ်းတမိစေနိုင်ခဲ့ပါတယ်။ ဖရီးဝေးလမ်းမဘေးက စနိုးပြင်ကျယ်တွေ၊ အချို့ အပိုင်းများမှာ တတောတောင်လုံး ဖွေးဥနေတဲ့ စနိုးပြင်ကြီးတွေက အခြားကမ္ဘာတစ်ခုကို ရောက်ရှိသွားသလို ခံစားမိရပါတယ်။

တောင်စဉ်တောင်တန်း တောင်အဝှမ်းတွေရဲ့ ပြာစင်စင်လဲ့နေတဲ့ မြင်ကွင်းများကလည်း မျက်ရည်စို့ လောက်အောင်ကိုပဲ ဆွဲဆောင်မှုရှိလှပါတယ်။ ခုလိုလှပနိုင်လွန်းတဲ့ ခရီးတစ်ခုကို သွားဖြစ်အောင်စီစဉ်ခဲ့တဲ့ ဒကာဦးထွန်းရွှေ။ အစအဆုံး ကားမောင်းကုသိုလ်ပြုသူ ဦးကြည်ရှိန်နဲ့ ဟောဒီကျေးဇူးတင်စကားတိုလေးကို မရေးပဲ မနေနိုင်လောက်အောင် ရသမြောက်စွာ ဓာတ်ပုံအလ်ဘမ်လေး ဖန်တီးခဲ့တဲ့ ဒကာကြီးဦးခင်စန်တို့ကို ကျေးဇူးတင်ပါတယ်။

ခရီးစဉ်မှာ အတူပါဝင်ခဲ့တဲ့ ဆရာတော်ဦးသဇ္ဇန၊ ဦးနေမိန္ဒနဲ့ ဦးအရိယတို့ကိုလည်း အမြဲတမ်းအမှတ်ရ နေမိမှာပါ။ ပျော်ရွှင်စရာခရီးတစ်ခုဆိုတာ ဘ၀တစ်ခုရဲ့ အစိတ်အပိုင်းသေးသေးမျှသာဖြစ်ပေမယ့် ဒါဟာ အဆုံးမဲ့ကြည်နူးမှုတစ်ခုလည်း ဖြစ်နိုင်တာပဲလေ။


စကားဦး    - 10/7/2008 12:00:00 AM

Jornam Image ကိုယ်က အပြောထက် အရေးကိုပဲအားသန်တဲ့သူ၊ ဒီတော့ အကြောင်းအရာတစ်ခုခုနဲ့  ကြုံရ တိုင်း စာရေးဖို့  စိတ်ကူးဖြစ်မိတယ်၊ ဒါကြောင့် ကိုယ့်မှာ ရေးချင်တာတွေက အများသား။ ရေးချင်တာတွေများပေမယ့် တခါခါမှာ ရေးဖို့ အချိန်က ရှားနေတတ်တယ်။ အချိန်ရလာပြန် တော့ ရေးချင်ခဲ့တဲ့အကြောင်းအရာတွေက ခေါင်းထဲမှာ ပေါ်မလာပြန်တော့ဘူး။ ဒီအကြောင်း စကားစပ်လို့  ရင်းနှီးသူတွေကို ပြောမိတော့ အကြံပေးကြပါတယ်။ ပြောချင်တဲ့ အကြောင်း အရာကို စာနဲ့ ဖြစ်ဖြစ်၊ အသံနဲ့ ဖြစ်ဖြစ်၊ မှတ်ထားပေါ့တဲ့။ နောက်တော့မှ ကိုယ်ပြောချင်တဲ့ အကြောင်းကို အကျယ်တဝင့် ပြန်ရေးပေါ့တဲ့။ ကိုယ့်အကြောင်းကို သူတို့ မသိလို့  အဲဒီလို အကြံပေးကြတာပါ။ ကိုယ့်မှာက သူတို့ တွေ အဲဒီလို အကြံမပြုမီကတည်းကိုက သူတို့  ပြောသလို ရေးချင်တဲ့အကြောင်းအရာလေးတွေကို မှတ်တမ်းတင်ဖြစ်နေခဲ့တာ ကြာမှ ကြာခဲ့ ပြီပေါ့။ ဒါကြောင့် ကိုယ့်ဆီမှာ အဲဒီလိုမှတ်တမ်းတင်ထားတဲ့ အကြောင်းအရာလေးတွေက အမြောက်အများပဲပေါ့။